အိမ်တက်မင်္ဂလာပြုလုပ်ရန် အဓိကသိထားသင့်သည်များ
August 26, 2025
အိမ်တက်မင်္ဂလာ ပြုလုပ်ပုံ အဆင့်ဆင့်
အိမ်တက်မင်္ဂလာပွဲသည် နေအိမ်သစ်သို့ ပြောင်းရွှေ့နေထိုင်ခြင်းအတွက် အတိတ်ကောင်းနိမိတ်ကောင်းများယူသည့် အရေးပါသော ရိုးရာဓလေ့တစ်ခု ဖြစ်ပါသည်။ ဤမင်္ဂလာအခမ်းအနားကို စနစ်တကျ ပြုလုပ်ခြင်းဖြင့် စီးပွားလာဘ်လာဘတိုးပြီး မိသားစုကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာ နေထိုင်နိုင်မည်ဟု ရှေးယခင်ကတည်းက ယုံကြည်ခဲ့ကြပါသည်။
ဖုန်းရွှေပညာနှင့် အိမ်တက်မင်္ဂလာ
ဖုန်းရွှေပညာတွင် အိမ်တက်မင်္ဂလာအတွက် ထူးခြားသည့် ဓလေ့အချို့ရှိသည်။ ဥပမာအားဖြင့် လည်ပင်းတွင် အနီရောင်ဖဲကြိုးချည်ထားသော ကြွေပန်းအိုးတစ်လုံးနှင့် ပုလွေတစ်လက်ကို အသုံးပြုကြသည်။ ပန်းအိုးထဲတွင် ပုလွေကိုထည့်ကာ အိမ်ရှင်မိသားစုက အိမ်၏အခန်းတိုင်းသို့ ယူဆောင်သွားခြင်းဖြင့် ငြိမ်းချမ်းမှုနှင့် လုံခြုံမှုတို့ကို ရယူသည့် သဘောဖြစ်သည်။ ထို့ပြင် အိမ်ပေါက်ဝတွင် ဗျောက်အိုးဖောက်ခြင်းဖြင့် မကောင်းသောဝိညာဉ်များကို မောင်းထုတ်ပြီး အိမ်သန့်ရှင်းရေးအတွက် လိမ္မော်ခွံ၊ ရှောက်ခွံ၊ သံပုရာခွံများနှင့် ရှာလကာရည်များ ရောပြီး အိမ်နံရံနှင့် ကြမ်းပြင်များသို့ ဖြန်းခြင်းမျိုးလည်း ပြုလုပ်ကြသည်။
သို့သော်လည်း မြန်မာလူမျိုးများသည် မြန်မာ့ရိုးရာထုံးတမ်းစဉ်လာနှင့်အညီ အိမ်တက်မင်္ဂလာပွဲကို ကျင်းပလေ့ရှိကြသည်။
မြန်မာ့ရိုးရာ အိမ်တက်မင်္ဂလာ ပြုလုပ်ပုံ
မြန်မာ့ရိုးရာ အိမ်တက်မင်္ဂလာတွင် အဆင့်အမျိုးမျိုးရှိပြီး ဗေဒင်ပညာရှင်နှင့် တိုင်ပင်၍ အချိန်ကောင်းရက်ကောင်း ရွေးချယ်ကာ စနစ်တကျ ပြုလုပ်သင့်ပါသည်။
၁။ အိမ်တက်မင်္ဂလာ၏ အမျိုးအစားများ
- ဇေယျမင်္ဂလာ: အိမ်ဆောက်ပြီးစီးသည့် နေ့ရက်ကို မှတ်တမ်းယူ၍ မင်္ဂလာယူခြင်း။
- သီရိမင်္ဂလာ: အိမ်သစ်အတွက် လိုက်ကာ၊ ပရိဘောဂ၊ အဝတ်အထည်များ ဝယ်ယူပြင်ဆင်ခြင်း။
- ဝရမင်္ဂလာ: အိမ်သစ်တွင် ဘုရားစင်ပြင်ဆင်၍ ရတနာသုံးပါးအား ဦးထိပ်ပန်ဆင်ခြင်း။
- သိဒ္ဓိမင်္ဂလာ: ဘုန်းတော်ကြီးများနှင့် ဂုဏ်သရေရှိ ပုဂ္ဂိုလ်များအား ဆွမ်းကပ်လှူဒါန်းပြီး ဆုတောင်းမေတ္တာ ခံယူခြင်း။
- သုတိမင်္ဂလာ: အိမ်ပေါ်၌ မိသားစု သို့မဟုတ် ဧည့်သည်များနှင့် အတိတ်ကောင်း၊ နိမိတ်ကောင်းစကားများ ပြောဆိုခြင်း။
- ဩဘာမင်္ဂလာ: အိမ်တက်ပွဲသို့ လာရောက်သူများက အပြန်အလှန် ဂုဏ်ပြုချီးမွမ်းစကား ပြောဆိုခြင်း။
- ထောပနာမင်္ဂလာ: အချင်းချင်း လှိုက်လှဲပျူငှာစွာ နှုတ်ဆက်ခြင်း။
- ပတ္ထနာမင်္ဂလာ: အိမ်ရှင်မိသားစုအတွက် ကောင်းကျိုးလိုလား၍ ဆုတောင်းပေးခြင်း။
- သီတမင်္ဂလာ: အိမ်ရှင်က ဧည့်သည်များအား ပြုံးရွှင်သောမျက်နှာနှင့် ကျေးဇူးတင်ကြောင်း ပြောကြားခြင်း။
- သုခမင်္ဂလာ: အိမ်တက်ပွဲတွင် ပါဝင်သူအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းနေခြင်း။
၂။ အိမ်တက်မင်္ဂလာအတွက် လက်တွေ့ပြင်ဆင်ခြင်း
အိမ်တက်မင်္ဂလာပွဲကို ပြုလုပ်မည့်အချိန်၊ နာရီနှင့် နေရာအပြင် နဂါးလှည့်ကိုပါ ဗေဒင်ဆရာနှင့် တိုင်ပင်သင့်ပါသည်။ နဂါးလှည့်အတိုင်း သွားလာခြင်းဖြင့် မကောင်းသော အတိတ်နိမိတ်များကို ရှောင်ရှားနိုင်မည်ဟု ယုံကြည်ကြသည်။
အိမ်တက်ပွဲ ဝင်ရောက်ခြင်း
- အိမ်တက်မင်္ဂလာပြုလုပ်မည့် နေ့ရက်နှင့် အချိန်ကျရောက်သည်နှင့် အိမ်ထောင်ဦးစီးက ဘုရားဆင်းတုတော်ကို ပင့်ပြီး ရှေ့ဆုံးမှ နေ၍ အိမ်သစ်ပေါ်သို့ တက်ရောက်ရမည်။
- အိမ်ထောင်ဦးစီးနောက်တွင် မိသားစုဝင်တစ်ဦးက ရတနာသုံးပါးကန်တော့ပွဲ (ပန်းအိုး ၃ အိုး) ကို ကိုင်ဆောင်ကာ လိုက်ပါရမည်။
- ပန်းအိုး ၃ အိုးအနက် သပြေပန်းအိုး ၂ အိုးနှင့် အိမ်ရှင်၏ နေ့နံအညွန့်ပန်း ၃ မျိုးထိုးထားသော ပန်းအိုး ၁ အိုး ပါဝင်ရမည်။
- အိမ်ရှင်၏ဇနီး၊ သမီးများနှင့် အခြားမိသားစုဝင်များက ဆီအိုး၊ ဆန်အိုး၊ ဆားအိုးတို့ကို မီးဖိုချောင်အတွင်းသို့ ယူဆောင်သွားရမည်။
- အိမ်တံခါးဝတွင် ဗာလီနတ်စာ (ထမင်းဖြူ၊ ယို ၉ မျိုး သို့မဟုတ် သစ်သီး ၉ မျိုး) ကို သန့်ရှင်းသော ပိတ်ဖြူစပေါ်တွင် တင်၍ တင်ထားပေးရမည်။
- အိမ်ရှင်မိသားစုသည် အဝတ်အထည်အသစ်များနှင့် အမျိုးသမီးများက ရတနာပစ္စည်းများ ဝတ်ဆင်၍ မင်္ဂလာယူရမည်။
ဘာသာရေးဆိုင်ရာ အစီအစဉ်များ
- အိမ်တက်ပွဲအချိန်တွင် ဗေဒင်ဆရာက “အိမ်တက်မင်္ဂလာ မန္တန်တော်ကြီး” ကို အသံကောင်းကောင်းဖြင့် ရွတ်ဖတ်ပေးရမည်။ ထိုဆရာသည် ထိုနေ့တွင် သီလယူ၊ ဥပုသ်စောင့်ပြီး သတ်သတ်လွတ်စားထားသူ ဖြစ်သင့်သည်။
- မန္တန်ရွတ်ပြီးသည်နှင့် “ရတနာ့သုတ်ပရိတ်တော်” ကို ကက်ဆက် သို့မဟုတ် စီဒီဖြင့် ဖွင့်ရမည်။
အိမ်တက်ပွဲနှင့် အိမ်အပြောင်းအရွှေ့ ခွဲခြားသိမြင်ခြင်း
လူအများစုသည် အိမ်တက်မင်္ဂလာပြုလုပ်ခြင်း၊ ပရိဘောဂများ ပြောင်းရွှေ့ခြင်းနှင့် အိမ်ပြောင်းရွှေ့နေထိုင်ခြင်းတို့ကို ရောထွေးလေ့ရှိကြသည်။
- အိမ်တက်မင်္ဂလာ: အထက်ပါအတိုင်း ဘုရားပင့်ခြင်း၊ ရိက္ခာသုံးပါး (ဆီ၊ ဆန်၊ ဆား) သွင်းခြင်း၊ မန္တန်ရွတ်ခြင်းတို့ကို ရက်ကောင်းရက်မြတ်တွင် ပြုလုပ်ခြင်းကိုဆိုလိုသည်။ ဤသည်မှာ အတိတ်ကောင်း၊ နိမိတ်ကောင်းယူခြင်းဖြစ်သည်။
- အိမ်အပြောင်းအရွှေ့: အိမ်တက်မင်္ဂလာပြုလုပ်ပြီးနောက် ပရိဘောဂများ၊ အိုးခွက်ပန်းကန်များနှင့် အဝတ်အထည်များကို မည်သည့်နေ့ရက်တွင်မဆို ရွှေ့ပြောင်းနိုင်သည်။ အိမ်ထောင်ဦးစီးနှင့် မိသားစုဝင်များလည်း ကြိုက်နှစ်သက်ရာအချိန်တွင် အိမ်သစ်၌ စတင်အိပ်စက်နိုင်ပါသည်။ ထိုသို့ပြောင်းရွှေ့ခြင်းအတွက် ရက်ရာဇာ၊ ပြဿဒါးကြည့်ရန် မလိုအပ်ပါ။
- အိမ်တက်အလှူ: အိမ်တက်မင်္ဂလာ ပြုလုပ်ပြီးနောက် သင့်တော်သောနေ့တွင် သံဃာတော်များပင့်ဖိတ်၍ ဆွမ်းကပ်ခြင်း၊ ဆွေမျိုးမိတ်ဆွေများကို ကျွေးမွေးဧည့်ခံခြင်းကို ဆိုလိုသည်။