Blog

အိမ်ဆောက်ရာတွင် လိုက်နာသင့်သည့် ဆောင်ရန်များ

August 26, 2025

မြန်မာ့ရိုးရာ အစဉ်အလာအရ နေအိမ်တစ်လုံးတည်ဆောက်ရာတွင် အချိန်အခါ၊ နေ့ရက်နှင့် တည်ဆောက်သူတို့၏ နေ့နံတို့သည် အရေးပါသည်ဟု ယုံကြည်ကြသည်။ အောက်တွင် အိမ်ဆောက်ရာ၌ ထည့်သွင်းစဉ်းစားသင့်သည့် အချက်အလက်များကို ဖော်ပြထားသည်။


 

အိမ်ဆောက်ရန် သင့်တော်သောလများ

 

ရှေးစာပေများအရ အိမ်ဆောက်ရန် သင့်လျော်သောလ ၆ လ ရှိပြီး ယင်းလများတွင် ဆောက်လုပ်ပါက ကောင်းကျိုးများ ရရှိနိုင်သည်ဟု ဖော်ပြထားပါသည်။

  • တန်ခူးလ၊ တပေါင်းလ: ကြွယ်ဝချမ်းသာခြင်း။
  • ကဆုန်လ: ဆန်ရေစပါး ပေါများခြင်း။
  • ဝါခေါင်လ: ပစ္စည်းဥစ္စာ တိုးပွားခြင်း။
  • နတ်တော်လ: ပေါ်လွင်ထင်ရှားပြီး ကျော်ကြားခြင်း။
  • ပြာသိုလ: လူအများ၏ ချီးမွမ်းခြင်းခံရခြင်း။

အချို့သော ကျမ်းဂန်များတွင်မူ ကဆုန်၊ ဝါဆို၊ ပြာသို၊ တပေါင်း ဟူသော လေးလကို အိမ်ဆောက်ရန် “ကောင်းသောလ” ဟု သတ်မှတ်ပြီး ကျန် ၈ လကို ရှောင်သင့်သည်ဟုလည်း ဆိုကြသည်။


 

အိမ်ဆောက်ရန် သင့်တော်သောနေ့များ

 

နေ့ရက်ရွေးချယ်မှုသည်လည်း အိမ်ဆောက်သူအပေါ် ကောင်းကျိုး၊ ဆိုးကျိုး သက်ရောက်နိုင်သည်ဟု ယုံကြည်ကြပါသည်။

  • တနင်္လာ: ၂ လကျော်ပါက ချမ်းသာသုခ ရရှိမည်။
  • ဗုဒ္ဓဟူး: ရတနာတိုးပွားမည်။
  • ကြာသပတေး: အနာရောဂါကင်းပြီး စီးပွားရေးတိုးတက်မည်။
  • သောကြာ: ချမ်းသာသုခပြည့်စုံမည်။

ရှောင်ရန်နေ့များ:

  • တနင်္ဂနွေ: ဆင်းရဲဒုက္ခနှင့် စိတ်သောကရောက်တတ်သည်။
  • အင်္ဂါ: ပျက်စီးတတ်သည်။
  • စနေ: အနာရောဂါများပြီး စီးပွားရေးအဆင်မပြေ ဖြစ်တတ်သည်။

 

ကြိုးကိုင်ပန္နက်ရိုက်မည့်သူများ ရွေးချယ်ခြင်း

 

အိမ်ဆောက်မည့် ပင်ရင်းအိမ်ရှင်၏ နေ့နံအလိုက် ကြိုးကိုင်မည့်သူနှင့် ပန္နက်ရိုက်မည့်သူကို ရွေးချယ်ခြင်းဖြင့် ကောင်းကျိုးချမ်းသာများ ရရှိနိုင်သည်ဟု ဆိုသည်။

  • တနင်္ဂနွေသားသမီး: ကြာသပတေးသားနှင့် သောကြာသားကို ကြိုးကိုင်ခိုင်းပြီး စနေသားကို ပန္နက်ရိုက်ခိုင်းပါ။
  • တနင်္လာသားသမီး: သောကြာသားနှင့် စနေသားကို ကြိုးကိုင်ခိုင်းပြီး တနင်္ဂနွေသားကို ပန္နက်ရိုက်ခိုင်းပါ။
  • အင်္ဂါသားသမီး: စနေသားနှင့် တနင်္ဂနွေသားကို ကြိုးကိုင်ခိုင်းပြီး တနင်္လာသားကို ပန္နက်ရိုက်ခိုင်းပါ။
  • ဗုဒ္ဓဟူးသားသမီး: တနင်္ဂနွေသားနှင့် တနင်္လာသားကို ကြိုးကိုင်ခိုင်းပြီး အင်္ဂါသားကို ပန္နက်ရိုက်ခိုင်းပါ။
  • ကြာသပတေးသားသမီး: တနင်္လာသားနှင့် အင်္ဂါသားကို ကြိုးကိုင်ခိုင်းပြီး ဗုဒ္ဓဟူးသားကို ပန္နက်ရိုက်ခိုင်းပါ။
  • သောကြာသားသမီး: အင်္ဂါသားနှင့် ဗုဒ္ဓဟူးသားကို ကြိုးကိုင်ခိုင်းပြီး ကြာသပတေးသားကို ပန္နက်ရိုက်ခိုင်းပါ။
  • စနေသားသမီး: ဗုဒ္ဓဟူးသားနှင့် ကြာသပတေးသားကို ကြိုးကိုင်ခိုင်းပြီး သောကြာသားကို ပန္နက်ရိုက်ခိုင်းပါ။

ဤသို့ နေ့သားအလိုက် ရွေးချယ်ဆောင်ရွက်ခြင်းဖြင့် စည်းစိမ်ချမ်းသာရခြင်း၊ အနာရောဂါကင်းခြင်း၊ အသက်ရှည်ခြင်းနှင့် ကောင်းကျိုးချမ်းသာများ ရရှိနိုင်မည်ဟု ရှေးထုံးစဉ်လာများတွင် ဖော်ပြထားသည်။