Blog

အိမ်တက်မင်္ဂလာ

August 26, 2025

ကမ္ဘာတစ်ဝန်းရှိ လူမျိုးအများစုသည် အိမ်သစ်ဆောက်ပြီးပါက “အိမ်တက်မင်္ဂလာ” ပြုလုပ်လေ့ရှိကြသည်။ ဤအခမ်းအနားသည် အိမ်သစ်ဖြစ်စေ၊ အိမ်ဟောင်းဖြစ်စေ၊ နေရာအသစ်သို့ ပြောင်းရွှေ့နေထိုင်ခြင်းကို အဓိကထားပါသည်။

 

အိမ်တက်မင်္ဂလာ၏ ရည်ရွယ်ချက်နှင့် ပုံစံများ

 

အိမ်တက်မင်္ဂလာပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ အိမ်နီးနားချင်းများနှင့် ရင်းနှီးမှုရယူရန်နှင့် မိမိတို့ နေရာအသစ်သို့ ပြောင်းရွှေ့နေထိုင်ကြောင်း အသိပေးရန်ဖြစ်သည်။

အနောက်တိုင်း ယဉ်ကျေးမှုတွင် အိမ်တက်မင်္ဂလာပွဲကို မိသားစု၊ မိတ်ဆွေသူငယ်ချင်းများကို ဖိတ်ကြားပြီး ပါတီပွဲပုံစံဖြင့် ကျင်းပလေ့ရှိသည်။ ဧည့်သည်များကလည်း လက်ဆောင်ပစ္စည်းများဖြင့် ဂုဏ်ပြုကြသည်။

မြန်မာ့ယဉ်ကျေးမှုတွင် အများအားဖြင့် နံနက်ပိုင်း၌ ဘုန်းကြီးရဟန်းသံဃာတော်များအား ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများ ကပ်လှူခြင်း၊ ပရိတ်တရားနာယူခြင်း၊ ရေစက်ချအမျှဝေခြင်းစသည့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်လေ့ရှိသည်။ အချို့ကမူ ညနေပိုင်းတွင် သံဃာတော်များပင့်ဖိတ်၍ ပရိတ်နာယူခြင်းနှင့် အလှူအတန်းများ ပြုလုပ်ကြသည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် အိမ်သူအိမ်သားများ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျက်သရေမင်္ဂလာ တိုးတက်စေရန် ရည်ရွယ်သည်။ သံဃာတော်များက မင်္ဂလသုတ်၊ ရတနသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ် စသော ပရိတ်တော်များကိုလည်း ရွတ်ဖတ်ပူဇော်လေ့ရှိသည်။

သီရိလင်္ကာနိုင်ငံတွင်မူ အိမ်ရှင်များ မနေထိုင်မီ ဝါတွင်းသုံးလပတ်လုံး သံဃာတော်များအား အိမ်သစ်၌ သီတင်းသုံးစေပြီး၊ နေ့စဉ် ပရိတ်တရားနာယူကာ ဝါကျွတ်အခါတွင် ကထိန်သင်္ကန်းပင် ကပ်လှူကြသည်ဟု သိရသည်။ ဤသည်မှာ ထေရဝါဒဗုဒ္ဓဘာသာဝင်များ၏ ကောင်းမြတ်သော ဓလေ့တစ်ခုဖြစ်သည်။

 

ဘာသာရေး ရှုထောင့်မှ အိမ်တက်မင်္ဂလာ

 

အိမ်တက်မင်္ဂလာပွဲသည် အမြင်ပသာဒအတွက်သာမက ဘာသာရေးအရလည်း အရေးပါသော အကြောင်းရင်းရှိသည်။ မိမိတို့နေထိုင်မည့် နေရာသစ်တွင် မျက်စိဖြင့် မမြင်နိုင်သော နတ်များနှင့် အခြားပုဂ္ဂိုလ်များ ရှိနိုင်သည်။ ထိုပုဂ္ဂိုလ်များနှင့် ရင်းနှီးမှုရရှိရန် စားသောက်ဖွယ်ရာများဖြင့် မိတ်ဖွဲ့၍မရနိုင်ဘဲ ကုသိုလ်ကောင်းမှုပြုကာ အမျှဝေပေးရသည်။ ဤသို့ အမျှပေးဝေခြင်းသည် သူတို့နှင့် မိတ်ဆွေဖွဲ့ခြင်းတစ်မျိုးပင် ဖြစ်သည်။

ဤအစဉ်အလာသည် မြတ်စွာဘုရားရှင်လက်ထက်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။ ပါဋလိရွာတွင် မြို့သစ်တည်ထောင်နေစဉ် မြတ်စွာဘုရားက နတ်တို့သည် ထိုနေရာရှိ အိမ်ရာများကို သိမ်းပိုက်ထားကြောင်း ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် မြင်တော်မူခဲ့သည်။ ထို့ကြောင့် အဇာတသတ်မင်း၏ အမတ်ကြီးနှစ်ဦးဖြစ်သော သုနိဓနှင့် ဝဿကာရ ပုဏ္ဏားတို့က ဘုရားရှင်နှင့်တကွ သံဃာတော်များကို အိမ်သစ်သို့ပင့်ဖိတ်၍ ဆွမ်းကပ်ပြီးနောက် ဘေးအန္တရာယ်ကင်းရှင်းစေရန် တောင်းပန်ခဲ့သည်။

ထိုအခါ မြတ်စွာဘုရားရှင်က ပညာရှိသည် နေရာသစ်တွင် နေထိုင်သည့်အခါ သီလရှိပြီး မြတ်သောအကျင့်ကို ကျင့်သောပုဂ္ဂိုလ်များကို ဆွမ်းကျွေး၍ ထိုအရပ်ရှိ နတ်တို့အား အမျှဝေရမည်။ ထိုသို့ အမျှဝေသောအခါ နတ်တို့သည် ထိုပုဂ္ဂိုလ်အား ပြန်လည်စောင့်ရှောက်မည်ဖြစ်ပြီး အခါခပ်သိမ်း ကောင်းခြင်းမင်္ဂလာများကိုသာ မြင်ရမည် ဟု တရားဟောကြားတော်မူခဲ့သည်။

သို့ဖြစ်၍ အိမ်တက်မင်္ဂလာပွဲ ပြုလုပ်ခြင်းသည် မြတ်စွာဘုရားရှင် လက်ထက်တော်ကတည်းကစတင်၍ ယနေ့တိုင် ကျင့်သုံးနေသော ထေရဝါဒဗုဒ္ဓဘာသာ၏ ထူးခြားသည့် ယဉ်ကျေးမှုဓလေ့တစ်ခု ဖြစ်ပါသည်။ အနောက်တိုင်း၏ အိမ်တက်မင်္ဂလာသည် လူမှုရေးဓလေ့တစ်ခုမျှသာဖြစ်သော်လည်း ထေရဝါဒဗုဒ္ဓဘာသာဝင်တို့၏ အိမ်တက်မင်္ဂလာပွဲသည် ယဉ်ကျေးမှုနှင့် ဘာသာရေးကို ပေါင်းစပ်ထားသည့် ပွဲတစ်ခုဟု ဆိုနိုင်ပါသည်။